၂၀၁၇ ခုနှစ်အတွင်း မြန်မာပွဲတော်များ
မြန်မာနိုင်ငံတွင်း ခရီးသွားမယ်ဆိုရင် ဆယ့်နှစ်ရာသီ ပွဲတော်များကိုချန်ထားလို့ မရနိုင်ပါဘူး။ ဆယ့်နှစ်ရာသီပွဲတော်များဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အမှတ်အသား တစ်ခုဖြစ်သလို နိုင်ငံခြားသားခရီးသွားများကို ဆွဲဆောင်နိုင်တဲ့ အဓိကအချက်လဲဖြစ်ပါတယ်။ အများစုမှာ ဗုဒ္ဓဘာသာနဲ့ ဆက်စပ်တဲ့ ပွဲတော်များဖြစ်ပြီး အခြားရိုးရာပွဲပေါင်းများစွာလဲ ရှိပါတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်မယ့် ပွဲတော်တွေကို အချိန်နဲ့တကွ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
ကချင်မနောပွဲ – ဇန်န၀ါရီလ ၆ ရက်မှ ၁၁ ရက်
ကချင်ရိုးရာ နှစ်သစ်ကူးပွဲနဲ့ ကောက်သစ်စားပွဲအဖြစ် မနောပွဲကိုကျင်းပကြပါတယ်။ ကချင်ရိုးရာအကအလှများ၊ ရိုးရာဝတ်စုံများ၊ ရိုးရာတီးလုံးများနဲ့ ကချင်မနောပွဲဟာ ခရီးသွားများကို အစဉ်အမြဲ စွဲဆောင်နိုင်ခဲ့ပါတယ်။ မြစ်ကြီးနားနဲ့ ပူတာအိုမှာ ကျင်းပလေ့ရှိပြီး နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားများစွာ လာရောက်လေ့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး ပွဲတော်တွေထဲကတစ်ခုဖြစ်ပြီး ဆယ်စုနှစ် သုံးခုထက်မနည်း နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။ ကချင်ရိုးရာ မဒိုင်နတ်ကို တိုင်တည်တဲ့ အနေနဲ့ ဒီမနောပွဲကိုကျင်းပကြတာ လို့လဲသိရပါတယ်။
အာနန္ဒာဘုရားပွဲ – ပြာသိုလဆန်း (၈) ရက်နေ့မှ ပြာသို လကွယ် နေ့ (ဒီဇင်ဘာ ၂၅- ဇန်န၀ါရီ ၁၆ )
အာနန္ဒာဘုရား ပွဲ တော် ကိုတော့ ပြာသိုလဆန်း (၈) ရက်နေ့မှ ပြာသို လကွယ် နေ့ထိ နှစ်စဉ် အစဉ်အလာမပျက်ကျင်းပပါတယ်…ပြာသိုလပြည့်နေ့ မနက်ခင်းမှာ ကျင်းပတဲ့ ဆွမ်းသပိတ်လောင်းလှူပွဲဟာ မြန်မာနိုင်ငံမှာ အထင်ရှားဆုံးနဲ့ အကြီးကျယ်ဆုံး ဆွမ်းလောင်းပွဲဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အကအလှများ၊ ဖျော်ဖြေမှုများ၊ နွားလှည်းများ အစရှိတဲ့ မြန်မာ့ရိုးရာဓလေ့မြင်ကွင်းများစွာကို တွေ့ရမှာပါ။ နီးနားပတ်ဝန်းကျင်မှာသီတင်း သုံး နေထိုင်ကျတဲ့ ဘုန်းတော်ကြီးများနဲ့ ကိုရင်လေးများက ကြွရောက် ဆွမ်းအလှူ ခံ နေကြပုံများကိုလဲတွေ့နိုင်ပါတယ်။
နာဂနှစ်ကူးပွဲ ဇန်န၀ါရီလ ၁၄ – ၁၅
နာဂတောင်တန်းကို သင်ရောက်သွားရင် နာဂအမျိုးသားတွေနဲ့ ဓာတ်ပုံရိုက်တာနဲ့တင် အလုပ်များနေမှာပါ။ နာဂလူမျိုးတွေဟာ တောဝက်သိုးစွယ်၊ အောက်ချင်းငှက် အမွှေးတို့ပါတဲ့ ဦးထုပ်ကို အမြတ်တနိုးဆင်မြန်းကြပြီး ကျားအရေခွံကို ဝတ်ရုံလုပ်ဝတ်လေ့ရှိကြပါတယ်။ ကြွယ်ဝချမ်းသာမှုကို လည်ပင်းမှာဆွဲထားတဲ့ ဆွဲကြိုးနဲ့ တိုင်းတာလေ့ရှိပြီး စော်ဘွားတွေကတော့ သူများထက်ပိုစုံပြီး ပိုခန့်တဲ့ ဦးထုပ်တွေကို အသုံးပြုကြပါတယ်။ နာဂလူမျိုးမှာလည်း မျိုးနွယ်စုကွဲတွေရှိပြီး နှစ်ကူးပွဲမှာ မျိုးနွယ်စုအားလုံးကို အတူတကွ တွေ့နိုင်ပါတယ်။
မဟာမုနိဘုရားပွဲ (ဇန်န၀ါရီလ ၃၁ )
တပို့တွဲ လပြည့်နေ့တိုင်း ဘုရားဖူးထောင်ပေါင်းများစွာဟာ ဆွမ်းကပ်ခြင်း၊ ဆီမီးပူဇော်ခြင်း စသည့်ကောင်းမှုကုသိုလ်များကို လာရောက်ပြုလုပ်လေ့ ရှိကြပါတယ်။
မော်တင်စွန်းဘုရားပွဲ – တပို့တွဲလဆုတ် ၁ ရက် – တပေါင်းလဆန်း ၁ ရက် (ဖေဖော်ဝါရီ ၁ – မတ်လ ၁)
မော်တင်စွန်းဘုရားပွဲဟာလည်း မြန်မာနိုင်ငံ ရဲ့ အထင်ကရဘုရားပွဲ တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနောက်တောင်စွန်းစွန်း ကမ်းစပ်တောင်ထိပ်က ဒီဘုရားပွဲကို တပို့တွဲလဆုတ် ၁ ရက် – တပေါင်းလဆန်း ၁ ရက် (Feb 1 – March 1)နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အနယ်နယ် အရပ်ရပ်က ဘုရားဖူးခရီးသွားများ လာရောက်ဖူးမျော်ကြပါတယ်။ နှစ်စဉ်ဘုရားပွဲအပြီး သုံးရက်မှာ ဒီရေတက်လာပြီး ဘုရားပွဲက အမှိုက်သရိုက်တွေအားလုံး ပင်လယ်ထဲမျောပါသွားလေ့ရှိပြီး ဒေသခံတွေကတော့ ဒီလှိုင်းတွေကို နဂါးတွေကဖန်ဆင်းတယ်လို့ ယုံကြည်ကြပါတယ်။
ရွှေတိဂုံဘုရားပွဲ တပေါင်းလပြည့်မတိုင်ခင် တစ်ပတ်အလိုမှာစပြီး တပေါင်းလပြည့်နေ့ ထိ (ဖေဖော်ဝါရီ ၂၂ – မတ်လ ၁)
ရွှေတိဂုံဘုရားပွဲဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးဘုရားပွဲတစ်ခုဖြစ်ပါတယ်။ တပေါင်းလပြည့်မတိုင်ခင် တစ်ပတ်အလိုမှာစပြီး တပေါင်းလပြည့်နဲ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ ၂၄နာရီပတ်လုံး ပရိတ်ရွတ်ဖတ်သံများဖြင့် ကျက်သရေ မင်္ဂလာပြည့်စုံလှပါတယ်။
သင်္ကြန်ပွဲ ၁၃ – ၁၇ ဧပြီလ
အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်ဖြစ်သလို အဓိကရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။ နှစ်ဟောင်းက အညစ်အကြေးကို နှစ်သစ်မကူးစေဖို့ အတာရေနဲ့ ဆေးကြောပေးတဲ့ ရေသဘင်ပွဲဟာ နိုင်ငံခြားသား ခရီးသွားများကိုပါ ဆွဲဆောင်နိုင်ပါတယ်။ မြန်မာ့ရိုးရာမုန့်တစ်မျိုးဖြစ်တဲ့ မုန့်လုံးရေပေါ်ကို သင်္ကြန်ကာလမှာ နေရာအနှံ့ လုပ်စားကြပါတယ်။
မြောက်ဦးရှစ်သောင်းဘုရားပွဲ မေ ၈ ရက်မှ ၁၄ ရက်
မြန်မာနိုင်ငံအနောက်ပိုင်း မြောက်ဦးရှေးဟောင်းနယ်မြေက ရှစ်သောင်းဘုရားပွဲဟာ ရခိုင်ပြည်နယ်မှာ ကျော်ကြားတဲ့ပွဲတစ်ခုပါ။ ရခိုင်ရိုးရာ ယဉ်ကျေးမှုတွေကို တစ်စုတစ်စည်းထဲ တွေ့နိုင်မယ့် ပွဲတော်တစ်ခုဖြစ်တာမို့ သွားဖူးအောင်သွားထားသင့်တဲ့ ပွဲတစ်ခုပါ။
တောင်ပြုံးနတ်ပွဲ ဝါခေါင်လပြည့်မတိုင်မှီ ၈ ရက်အလိုမှ ဝါခေါင်လပြည့်နေ့အထိ (ဇူလိုင် ၁ – ဇူလိုင်၈)
ရွှေဖျင်းညီနောင် (ရွှေဖျင်းကြီး နဲ့ ရွှေဖျင်းလေး) ကို ပူဇော်ပသတဲ့ ဒီပွဲကို မြန်မာနိုင်ငံအနှံ့အပြားက နတ်ကိုးကွယ်သူတွေ အမြောက်အများ လာရောက်ကြပါတယ်။ နတ်ကိုးကွယ်သူတွေရော နတ်ကတော်၊ နတ်ကနားစီးတွေပါ စုံစုံညီညီ လာရောက်ကြတဲ့ ပွဲတော်ကြီးပါ။ အညာဒေသမှာ ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်ပြီး သွားကြည့်သင့်တဲ့ပွဲတစ်ခုပဲဖြစ်ပါတယ်။ သင်ဟာ နတ်ကိုးကွယ်မှုကို မယုံကြည်ဘူးဆိုရင်တောင် စကားမမှားဖို့တော့ သတိထားသင့်ပါတယ်။
ဖောင်တော်ဦး ဘုရားပွဲ သီတင်းကျွတ်လဆန်း ၁ ရက် – သီတင်းကျွတ်လပြည့်ကျော် ၃ ရက် (အောက်တိုဘာလ ၁၀ -အောက်တိုဘာလ၂၇)
ဖောင်တော်ဦး ဘုရားပွဲ အင်းလေးဖောင်တော်ဦးဘုရားပွဲဟာ အင်းလေးဒေသရဲ့ နာမည်ကျော်ပွဲတော်တစ်ခုပါ။ သီတင်းကျွတ်လဆန်း ၁ ရက်နေ့ကနေ သီတင်းကျွတ်လဆုတ် ၃ရက်နေ့အထိ ကျင်းပလေ့ရှိပါတယ်။ တောင်ပေါ်အင်းသားတို့ရဲ့ အံ့မခန်း ခြေထောက်နဲ့လှေလှော်တာတွေ၊ သစ်သီးအမြောက်အများ၊ ပန်းအမြောက်အများနဲ့ ဆွမ်းကပ်တာစတာတွေကို လေ့လာနိုင်ပါမှာပါ။ ခြေထောက်နဲ့လှော်တဲ့ ရိုးရာလှေလှော်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေလဲ ရှိပါသေးတယ်။ မရောက်ဖူးသေးဖူးဆိုရင်တော့ အရောက်သွားဖို့ တိုက်တွန်းချင်ပါတယ်။
ကျောက်ဆည်ဆင်ပွဲ အောက်တိုဘာလ ၂၃
အောက်တိုဘာလ ၂၃ (သီတင်းကျွတ်လဆန်း ၁၄ ရက်)မှာ ဆင်ပြိုင်ပွဲ ကျင်းပပြီး ညခင်းပိုင်းမှာ ပြိင်ပွဲမှာ ဆုရတဲ့ ဆင်တွေကို ဆုချီးမြင့်ပါတယ်.ရွှေချည်ထိုး ငွေချည်ထိုးတွေနဲ့လှပစွာဆင်မြန်းထားတဲ့ ဆင်ကပွဲကလည်း ပြည်တွင်းပြည်ပ ခရီးသည်တွေကို အမြဲဆွဲဆောင်နေပါတယ်။ ဆင်ပွဲအပြီး နောက်တစ်ရက်မှာရွှေသာလျောင်းစေတီတော်မှာ ဆွမ်းကပ်ပွဲပြုလုပ်ကြပါတယ်။ ရိုးရာပွဲတစ်ခုကိုတွေ့မြင်ခံစားချင်တဲ့ သူတွေ သွားသင့်ပါတယ်။
ရွှေကျင်မီးမျောပွဲ အောက်တိုဘာလ ၂၅
သီတင်းကျွတ်မီးမျှောပွဲကို ရွှေကျင်မြို့ ပျဉ်းမရပ်ရှိ ချောင်းနံဘေးနှင့် ရွှေကျင် ချောင်းအတွင်း၌ နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် ရွှေကျင်ချောင်းအတွင်း၌ ဆီမီးရောင်စုံ မီးကြာခွက်များရေမျှော ပူဇော်သည့်ပွဲတော်တစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းကျင်းပလာသည်မှာ ယနေ့တိုင်ဖြစ်ပါတယ်။ အသင်းလိုက်လှေလှော်ပွဲ၊ ကျားမလှေလှော်ပွဲ တွေကို တစ်နေကုန်ကြည့်ရှုနိုင်မှာဖြစ်ပြီး ညနေစောင်းမှာတော့ ရာနဲ့ချီတဲ့ ဆီမီးခွက်တွေကို ချောင်းအတွင်း မျှောလိုက်မှာပါ။ အရမ်းလှပတယ်ဆိုတာတော့ အာမခံပါတယ်။
ကျိုက်ထီးရိုးဘုရားပွဲ အောက်တိုဘာလ ၂၄ (သီတင်းကျွတ်လပြည့်နေ့)
မြန်မာနိုင်ငံတွင်း ခရီးသွားမယ်ဆိုရင်တော့ ကျိုက်ထီးရိုးဘုရားကိုတော့ မေ့ထားလို့ မရပါဘူး။ ကျိုက်ထီးရိုးဘုရားရင်ပြင်မှာ ဆီမီး ၉၀၀၀ ပန်း ၉၀၀၀ လှူဒါန်းပူဇော်ပြီး အာရုံဆွမ်းကပ်လှူတဲ့ ဒီပွဲကို သီတင်းကျွတ်လပြည့်ညတိုင်း ပြုလုပ်ပါတယ်။ လူအရမ်းများတယ်ဆိုတာကိုတော့ သတိပြုဖို့လိုပါမယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲ နိုဝင်ဘာ ၂၂ (တန်ဆောင်တိုင်လပြည့်နေ့)
နာမည်ကျော်တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲမှာတော့ ၃ရက်ဆက်တိုက် နေ့ရောညပါမီးပုံးတွေ လွှတ်တင်တဲ့ ပြိုင်ပွဲကို ကျင်းပပါတယ်။ နေ့ဘက်မှာ အကောင်မျိုးစုံ ပုံစံ မီးပုံတွေလွှတ်တင်ပြီး ညဘက်မှာတော့ မီးရှူးမီးပန်းတွေတွဲထားတဲ့ မီးပုံးတွေကို လွှတ်တင်ပါတယ်။ တောင်ကြီးရာသီဥတုအေးအေးမှာ လှပတဲ့ အတွေ့အကြုံလေးတစ်ခု ခံစားရမှာအသေအချာပဲဖြစ်လို့ တစ်ခါတခေါက်အရောက်သွားသင့်တဲ့ ပွဲတော်တစ်ခုပါ။